Monday, April 2, 2012

နေ့သစ်.... အတွေးသစ်....

   ဒီနေ့ မိုးတွေကအုံ ရာသီဥတုကလည်း နည်းနည်းအေးတော့ မနက်အိပ်ရာမှ   မထချင် ထချင်နဲ့ ထခဲ့ရတယ်... မထလို့ကလည်းမဖြစ် မနေ့ကမှ ပူပူနွေးနွေး ရခဲ့တဲ့ အချိန်ပိုင်း အလုပ်လေး နောက်ကျမှာ အရမ်းစိုးရိမ်မိတယ်...
    နေရာက နည်းနည်းဝေးတော့ အလုပ်ရောက်ဖို့ အချိန် နှစ်နာရီလောက် ကားစီးလိုက်ရတယ်... ဘာပဲဖြစ်ဖြစ် နေရာသစ်မှာ အတွေ့အကြုံသစ်ရဖို့ အတွက် တစ်ယောက်တည်း စွန့်စားပြီးထွက်လာခဲ့တယ်... 
လမ်းခရီးကို ကြိုတင်မေးထားတော့ သိပ်ခက်ခက်ခဲခဲ တော့ မကြုံလိုက်ရပါဘူး။ ချိန်းထားတဲ့မှတ်တိုင်၊ လုပ်ရမယ့် နေရာရဲ့ မှတ်တိုင်ကို တိုက်ရိုက်ပဲရောက်သွားခဲ့ပါတယ်... အကူအညီပေးမယ့် အကိုနဲ့အမကလည်း အဆင့်သင့်စောင့်လို့ပေါ့။
    ဒီလိုနဲ့ပဲ ဒီနေ့ အလုပ်စလုပ်ဖြစ်ပါတယ်... မတတ်ကျွမ်းသေးတဲ့ဘာသာစကားမို့လို့ ပြောပြသူရဲ့ အမူအရာကိုကြည့်ပြီး လိုက်လုပ်ဖြစ်ပါတယ်... စစချင်းတော့ နည်းနည်းခက်တယ်လို့ ထင်ရပေမယ့် ကြာလာတော့လွယ်လာပါတယ်... ဒါပေမယ့် မျက်လုံးတော့ အညောင်းသား။ မျက်စေ့ကို အားစိုက်လုပ်ရတာဖြစ်သောကြောင့် မျက်လုံးလေးတွေတောင် ထောင့်ကပ်သွားမှာစိုးရတယ်...
ဒါနဲ့ ကိုရီးယားရဲ့ အလေ့အကျင့်လား? လူတွေရဲ့ စရိုက်လေလားတော့မသိ လူသစ်လာပြီဆိုရင် (စပ်စုတယ်)မေးကြတယ်... ဘယ်နိုင်ငံကလဲ? တဲ့
ကျမ မြန်မာလို့ပြောတော့ နိုင်ငံရဲ့ အမည်ကပျောက်လို့ မပီမသနဲ့ “ အောင်ဆန်းစုကြည်” ဆိုပြီး အသံထွက် ရေရွတ်ကြတယ်... ကျမတော်တော်လေး အံ့သြမိတယ်...ပြီးတော့ ရင်ထဲတစ်မျိုးကြီး တုန်လှုပ်မိတယ်...
          ကျမထင်ထားတာက ကျမတို့ အမေလိုချစ်တဲ့ အမေစုကို သူတို့သိလိမ့်မယ်လို့မထင်၊ ကျမမှားနိုင်ပါတယ်... အမေစုရဲ့ ဂုဏ်သတင်းဟာ ဒီမိုကရေစီ icon ဆိုတဲ့အတိုင်း လူတွေကသိလို့၊ လေးစားလို့ အထင်တွေကြီးလို့ ။ 
သိသူတွေအတွက်က လေးစားပေမယ့် မသိသူတွေအတွက် တန်ဖိုးကိုနားမလည်တော့ ခက်ရချည်သေးရဲ့ လို့ တွေးမိသား။ ဘာပဲဖြစ်ဖြစ် အချိန်တန်တော့ ပတ္တမြားမှန် နွံနစ်ရိုးမှမရှိတာ။ ကျမအတွက်တော့ ဒီနေ့ လက်ကတော့ အလုပ် လုပ်ရင်း စိတ်ကူးမှာတော့ အမေစု အကြောင်းတွေးရင်း အချိန်ကုန်မှန်းမသိ အလုပ်ပြီးပြီပြောမှ လုပ်လက်စကိုရပ် အားလုံးကိုနှုတ်ဆက်ရင်း ဒီနေ့အတွက်တော့ ရှေ့ ဆက်တွေးရင် 
အခန်းကို ပြန်လာခဲ့မိတယ်....

No comments:

Post a Comment

ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဝေဖန် ရေးသား အကြံပြုပေးပါ။